International News

အိန္ဒိယနိုင်ငံ၌ အခွန်ကောက်ခံမှုဆိုင်ရာ နစ်နာမှုထောက်ပံ့ကြေးများ ပေးအပ်ရေးကိစ္စ အကြပ်အတည်းဖြစ်ပေါ်လျက်ရှိခြင်း

Last Updated:

အိန္ဒိယနိုင်ငံတွင် ၂၀၁၇ ခုနှစ်မှ စတင်ကျင့်သုံးခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှု (Goods and Services Tax  - GST) ဥပဒေအရ ပြည်နယ်/ ပြည်ထောင်စုနယ်မြေအစိုးရအဖွဲ့များအနေဖြင့် သွယ်ဝိုက်အခွန်များအား ကောက်ခံပိုင်ခွင့်မရှိတော့ပဲ အခွန်ငွေလျော့နည်းဆုံးရှုံးရမှုအတွက် ဗဟိုအစိုးရမှ ပြည်နယ်များသို့ GST နစ်နာမှုထောက်ပံ့ကြေးများအား ၅ နှစ်တာကာလအထိ ပေးအပ်ရမည်ဖြစ်ပါသည်။ သို့ရာတွင် ယခုဘဏ္ဍာနှစ်၌ အဖျော်ယမကာ၊ စီးကရက်၊ ဆေးရွက်ကြီး စသည့်အကျိုးမဲ့ကုန်စည်များနှင့် မော်တော်ယာဉ်ကဲ့သို့သော တန်ဖိုးကြီးဇိမ်ခံပစ္စည်းများအပေါ် ကောက်ခံလျက်ရှိသည့် ထပ်ဆောင်းအခွန် (Compensation Cess)များမှာ လျော့နည်း၍ ရရှိဖွယ်ရှိပြီး ၎င်းရန်ပုံငွေမှ GST နစ်နာမှုထောက်ပံ့ကြေး များကို သတ်မှတ်ထားသည့် ပမာဏအတိုင်း ခွဲဝေပေးနိုင်မှုမရှိသည့်အပေါ် ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဗဟိုနှင့် ပြည်နယ်အစိုးရများအကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်လျက်ရှိပါသည်။

ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများမှ ဘဏ္ဍာရေးဝန်ကြီးများ ပါဝင်ဖွဲ့စည်းထားသည့် ကုန်စည်နှင့်ဝန်ဆောင်မှုအခွန်ဆိုင်ရာ GST ကောင်စီ၏ ၄၁ ကြိမ်မြောက်အစည်းအဝေးကို ဩဂုတ်လ ၂၇ ရက်နေ့၌ ကျင်းပခဲ့ရာ လက်ရှိ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း ထပ်ဆောင်း အခွန်များလျော့နည်း ကောက်ခံရရှိမည့်အခြေအနေနှင့် GSTနစ်နာမှုထောက်ပံ့ကြေးများအားသတ်မှတ်ချက်အတိုင်းခွဲဝေပေးနိုင်မှုမရှိသည့်အပေါ်ချေးငွေရယူဖြေရှင်းမည့် နည်းလမ်းများကို အိန္ဒိယဘဏ္ဍာရေးဝန်ကြီး Ms. Nirmala Sitharaman က ရှင်းလင်းချပြခဲ့ပါသည်။

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်အရGSTနစ်နာမှုထောက်ပံ့ကြေးများခွဲဝေပေးနိုင်ရန်အတွက်အဖျော်ယမကာ၊စီးကရက်၊ ဆေးရွက်ကြီး စသည့်အကျိုးမဲ့ ကုန်စည်များနှင့် မော်တော်ယာဉ်ကဲ့သို့ တန်ဖိုးကြီးဇိမ်ခံပစ္စည်းများအပေါ် ကောက်ခံလျက်ရှိသည့် ထပ်ဆောင်းအခွန် (compensation cess) မှာယခုဘဏ္ဍာနှစ်၌ရူပီး၆၅၀ ဘီလီယံ ခန့်သာ ရနိုင်ဖွယ်ရှိပြီး ပြည်နယ်များသို့အမှန်ပေးအပ်ရမည့်နစ်နာမှု ထောက်ပံ့ကြေး ပမာဏမှာ ရူပီးငွေ ဘီလီယံ ၃၀၀၀ (ဒေါ်လာ ၄၁ ဘီလီယံခန့်) ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ကွာဟချက် ရူပီး ၂၃၅၀ ဘီလီယံ လိုအပ်လျက်ရှိကြောင်း၊ ၎င်းကွာဟချက်အနက် GST အခွန်ကောက်ခံမှုစနစ်အရ လိုအပ်မည့်ပမာဏမှာ ရူပီး ငွေ ၉၇၀ ဘီလီယံရှိပြီး ကျန်‌ရှိသည့် ၁၃၈၀ ဘီလီယံသည် Covid-19 ကပ်ရောဂါအား တားဆီးထိန်းချုပ်ရန် အသွားအလာတားမြစ်ကန့်သတ်မှုကြောင့် ကောက်ခံနိုင်ခြင်းမရှိသည့် ပမာဏဖြစ်ကြောင်း၊ သို့ဖြစ်ရာ ပြည်နယ်အစိုးရများအနေဖြင့် ကွာဟသည့် GST နစ်နာမှု ထောက်ပံ့ကြေးများအတွက် ငွေချေးယူသုံးစွဲရန် နည်းလမ်း ၂ ခုကို ရွေးချယ် နိုင်ကြောင်း၊ ပထမနည်းလမ်းသည် ရူပီး ငွေ ၉၇၀ ဘီလီယံအား ဗဟိုဘဏ် (RBI) ထံမှ ချေးယူခြင်းဖြစ်ပြီး ကွာဟငွေ ရူပီး ၂၃၅၀ ဘီလီယံကို အပြည့်အဝ ရရှိသုံးစွဲလိုပါက ပြည်နယ်အစိုးရများအနေဖြင့် ဒုတိယနည်းလမ်းအဖြစ် ပြင်ပဈေးကွက်မှ မိမိအစီအစဉ်ဖြင့် ချေးယူရန် ဖြစ်ကြောင်းနှင့် မည်သည့်နည်းလမ်းအား ရွေးချယ် မည်ကို ပြည်နယ်များမှ ၇ ရက်အတွင်း အကြောင်းပြန်ကြားရန် Ms. Nirmala Sitharaman က အဆိုပါ အစည်းအဝေး၌ ပြောကြားခဲ့သည်။

ထပ်ဆောင်းအခွန်များအား လျော့နည်း၍ရရှိမည့် အခြေအနေရှိပါက GST နစ်နာမှု ထောက်ပံ့ကြေးများအတွက် လိုအပ်မည့်ငွေကို ပြည်ထောင်စု ဗဟိုရန်ပုံငွေမှ ထုတ်နှုတ်သုံးစွဲရန် ပြည်နယ်အချို့၏ အဆိုပြုချက်အပေါ် ပြည်ထောင်စုရှေ့နေချုပ်က အခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိသဖြင့် ထိုသို့ သုံးစွဲမှုမပြုနိုင်ကြောင်း သဘောထားမှတ်ချက်ပြုခဲ့သည်။

ပြည်နယ်များအနေဖြင့် ဗဟိုဘဏ်(RBI) ထံမှ ရူပီးငွေ ၉၇၀ ဘီလီယံအား ချေးယူပါက အရင်းနှင့်အတိုးငွေကို ဗဟိုအစိုးရက တာဝန်ယူမည် ဖြစ်ကြောင်း၊ မလွှဲရှောင်သာသောအကြောင်း (Act of God) တစ်ရပ်ဖြစ်သည့် Covid-19 ကပ်ရောဂါကြောင့် ထပ်ဆောင်းအခွန်ငွေ ရူပီး ၁၃၈၀ ဘီလီယံလျော့ပါးမှုအပေါ် ဗဟိုအစိုးရအနေဖြင့် တစ်စုံတစ်ရာဆောင်ရွက်မှုမပြုနိုင်ကြောင်း၊ GST နစ်နာမှုထောက်ပံ့ကြေးအတွက် ရူပီး ၂၃၅၀ ဘီလီယံ ကွာဟချက်ကို ပြင်ပဈေးကွက်မှ မိမိ အစီအစဉ်ဖြင့် ချေးယူပါက ဗဟိုအစိုးရက အရင်းငွေကိုသာ တာဝန်ယူပေးဆပ်မည် ဖြစ်ကြောင်းဖြင့်  ဘဏ္ဍာရေးဝန်ကြီး Ms. Nirmala Sitharaman က ပြောကြားထားသည်။

ထိုသို့မိမိတို့အစီအစဉ်ဖြင့် ငွေချေးယူရန် နည်းလမ်းများချမှတ်မှုအပေါ် ကွာဟငွေရူပီး ၂၃၅၀ ဘီလီယံအတွက် အရင်းနှင့်အတိုး အားလုံးကို တာဝန်ယူလျက် ဗဟိုအစိုးရ၏ အစီအစဉ်ဖြင့် ချေးယူ၍ ခွဲဝေပေးရန် ပြည်နယ်အချို့က တောင်းဆိုလျက်ရှိပြီး လက်ရှိအာဏာရ BJP ပါတီနှင့် ၎င်း၏မဟာမိတ်ပါတီများက အုပ်ချုပ်လျက်ရှိသည့် ပြည်နယ်အစိုးရအချို့ကမူ အထက်ပါ နည်းလမ်းနှစ်သွယ်မှ သင့်လျော်ရာတစ်ခုကို ရွေးချယ်ရန် လိုလားလျက်ရှိကြသည်။

ဗဟိုအစိုးရသည် ကတိကဝတ်ရှိသည်နှင့်အညီ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း GST နစ်နာမှု ထောက်ပံ့ကြေးလိုငွေ ရူပီး ၂၃၅၀ ဘီလီယံအား ပြည်နယ်များက ရရှိစေရန်တာဝန်ယူကြောင်း၊ သို့ရာတွင် အဆိုပါနစ်နာကြေးများ ခွဲဝေပေးရန်အတွက် ကောက်ခံသော ထပ်ဆောင်း အခွန်ငွေ များသည် ဗဟိုအစိုးရက စီမံခန့်ခွဲမှုပြုနိုင်သည့် ငွေကြေးအရင်းအမြစ် မဟုတ်ပဲ ပြည်နယ်များနှင့်သာ သက်ဆိုင်မှုရှိကြောင်း၊ နောင်အနာဂတ်တွင် ကောက်ခံရရှိမည့် ထပ်ဆောင်းအခွန်ငွေများ အပေါ်အမှီပြု၍ ပြင်ပမှငွေချေးယူခြင်းကို ပြည်နယ်/ ပြည်ထောင်စုနယ်မြေများကသာ လုပ်ဆောင် နိုင်ကြောင်း၊ ပြည်နယ်အစိုးရများ၏ ငွေကြေးစီမံခန့်ခွဲပိုင်ခွင့်နှင့် ပတ်သက်၍ ငွေချေးယူနိုင်မှု ပမာဏကန့်သတ်ချက်ကိုလည်း ပြည်နယ်အတွင်း စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး (GSDP) ၏ ၃% ခွင့်ပြုထားရာမှ မကြာသေးမီကပင် ၅% အထိ တိုးမြှင့်ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ လက်ရှိကာလ၌ ပြည်နယ်များ၏ ပျမ်းမျှငွေချေးယူမှုပမာဏသည့် ၁.၂၅% မျှသာရှိနေသေးကြောင်း၊ ဗဟိုအစိုးရအနေဖြင့် ၎င်းစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ငွေကြေး အရင်းအမြစ်အတွက်ကိုသာ ပြည်ထောင်စုရန်ပုံငွေမှ ချေးယူသုံးစွဲမှုပြုနိုင်ကြောင်း၊ ပြည်နယ်များအနေဖြင့် ရူပီးငွေ ၉၇၀ ဘီလီယံချေးယူမည့် ပထမနည်းလမ်းကိုရွေးချယ်ပါက ကျန်ရှိသည့် နစ်နာမှုထောက်ပံ့ကြေးများအား စွန့်လွှတ်လိုက်ရမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ ချေးငွေများ အားလုံးကို အပြေအကြေပေးဆပ်ပြီးပါက ၎င်းနစ်နာကြေးကျန်ငွေများကို ရရှိနိုင်ဦးမည်ဖြစ်ကြောင်း၊  စသည်ဖြင့် အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိအချို့၏ ပြောကြားချက်အား Hindustan Times သတင်းဌာနက ဖော်ပြပါသည်။

အတိုက်အခံပါတီများက အုပ်ချုပ်လျက်ရှိသည့် ပြည်နယ်/ ပြည်ထောင်စုနယ်မြေများမှ ဘဏ္ဍာရေးဝန်ကြီးအချို့က ဗဟိုအစိုးရသည် ကတိပြု ထားရှိမှုနှင့်အညီ GST နစ်နာကြေးများ ပေးအပ်ရန်ကိစ္စအပေါ် အလုံးစုံတာဝန်ယူသင့်ကြောင်း ပြောဆိုကြပြီးဒေလီနှင့် ပွန်ဒီချယ်ရီ ကဲ့သို့သော ပြည်ထောင်စုနယ်မြေအစိုးရများက ၎င်းတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ငွေချေး ယူခြင်းများအား ဗဟိုအစိုးရလက်အောက်ရှိ ပြည်ထဲရေး ဝန်ကြီးဌာနမှတစ်ဆင့်သာ ဆောင်ရွက်နိုင်သည်ဖြစ်ရာ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာန၏ နည်းလမ်းများမှာ သဘာဝမကျကြောင်းဖြင့် ကန့်ကွက် ပြောဆိုလျက်ရှိကြသည်။

အိန္ဒိယကုန်စည်နှင့်ဝန်ဆောင်မှုအခွန်ဆိုင်ရာ GST ကောင်စီသည် ထီလက်မှတ်များ အပေါ် ကောက်ခံသည့် အခွန်နှုန်းထားကိစ္စရပ်မှအပ ကျန် ငွေကြေးကိစ္စရပ်များနှင့် ပတ်သက်၍ အများသဘောတူညီမှုအပေါ်အခြေခံ၍ ဆုံးဖြတ်ချက်များ ချမှတ်လေ့ရှိသော်လည်း  ယခုဘဏ္ဍာနှစ်၌ ပေးအပ် ရမည့် GST နစ်နာမှုကြေးကိစ္စမှာ မဲခွဲဆုံးဖြတ်ရမည့် အနေအထားရှိကြောင်း အိန္ဒိယသတင်းဌာနများက ဖော်ပြပါသည်။

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက် ဗဟိုအစိုးရမှ ၂ နေရာ၊     ပြည်နယ် ၂၈ ခုနှင့် ပြည်ထောင်စုနယ်မြေ ၃ ခုတို့မှ ၃၁ နေရာ၊ စုစုပေါင်းအဖွဲ့ဝင် ၃၃ ဦးပါဝင်သော GST ကောင်စီ၌ကိစ္စတစ်ရပ်အပေါ် မဲခွဲ၍ ဆုံးဖြတ်ပါက အဖွဲ့ဝင်များ၏ ၇၅% က ထောက်ခံမှသာ အတည်ပြု နိုင်ပြီး မဲပေးပိုင်ခွင့်တွင် ဗဟိုအစိုးရက သုံးပုံတစ်ပုံကို ရရှိထားသည်။ သို့ဖြစ်ရာ ဗဟိုအစိုးရအနေဖြင့် GST နစ်နာမှု ထောက်ပံ့ကြေးကိစ္စနှင့် ပတ်သက်၍ချပြထားသည့် နည်းလမ်းများအတိုင်း GST ကောင်စီ၌ အတည်ပြုဆောင်ရွက်စေနိုင်ရန်မှာ ပြည်နယ် ၁၉ ခု၏ ထောက်ခံမဲရရှိရန် လိုအပ်လျက်ရှိသည်။ လက်ရှိကာလတွင် ပြည်နယ်/ပြည်ထောင်စုနယ်မြေ ၁၆ ခု၌ BJP ပါတီ ဦးဆောင်သည့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ (NDA) က အာဏာရရှိထားပြီး ဂျမူးနှင့် ကက်ရှ်မီးယား ဒေသမှာ နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်၌ တည်ရှိသည်။

ဗဟိုအစိုးရ၏ GST နစ်နာမှုထောက်ပံ့ကြေးဆိုင်ရာ ဖြေရှင်းရေးနည်းလမ်းနှစ်သွယ်အား  ပြည်နယ်/ပြည်ထောင်စုနယ်မြေ ၁၀ ခုက ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ပြောကြားခဲ့ပြီး အခြားသော ပြည်နယ် ၁၂ ခုက  ပထမနည်းလမ်းအရ ရူပီးငွေ ၉၇၀ ဘီလီယံကို ဗဟိုဘဏ်ထံမှ ချေးယူရန်ဆန္ဒပြုကြကြောင်း၊ မဏိပူပြည်နယ်ကမူ ဒုတိယနည်းလမ်းကို ရွေးချယ်ထားကြောင်း Hindustan Times သတင်းဌာနက ဖော်ပြပါ သည်။  အိန္ဒိယ GST ကောင်စီ၏ ၄၂ ကြိမ်မြောက် အစည်းအဝေးကို ၅.၁၀.၂၀၂၀ နေ့တွင် ထပ်မံကျင်းပရန် စီစဉ်ထားရှိကြောင်း သိရှိရပါသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:  1. In a bid to bridge compensation cess shortfall, Centre will try and get states to borrow, 8 Sept 2020, Economic Times

              2. Centre committed to pay full GST compensation to states, but states must borrow, 8 Sept 2020, Hindustan Times

              3. Vote on GST compensation inevitable if govt sticks to 2 options, 8 Sept 2020, Business Standard

              4. GST voting ignores majority, 9 Sept 2020, Telegraph India

             5. Twelve of 13 members of GST Council preferred the Rs 97,000 crore borrowing option, 14 Sept 2020, Hindustan Times

 

Category: International News